“အသက်မွေးဝမ်းကျောင်းပညာ လက်သမား (ပုံဆင်ပုံရိုက်) အခြေခံ သင်တန်း” အောင်မြင်စွာ ပြီးမြောက်ခြင်း နှင့်အတူ သင်တန်းသား/သူ (၂၀) ဦးထံ သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်းကို မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က (၂၀၂၅) ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက် ညနေပိုင်း၌ ဆောင်ရွက်ခဲ့ပါသည်။
ယခု သင်တန်း အစီအစဥ်များကို MBE အသင်း၏ Earthquake Assistance Program တစ်ရပ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ၌ ပန်းရန် (အုတ်စီ) အခြေခံသင်တန်း အပတ်စဉ် (၂) ခု၊ လက်သမား (ပုံဆင်ပုံရိုက်) အခြေခံသင်တန်း အပတ်စဉ် (၁) ခု၊ စုစုပေါင်း သင်တန်းအပတ်စဉ် (၃) ခုတို့ဖြင့် သင်တန်းသား/သူ စုစုပေါင်း (၆၀) ဦးကို THS (Mdy) နှင့် NSSA Assessor သင်တန်း ဆရာ/ဆရာမ များက စာတွေ့/ လက်တွေ့ သင်ကြား ပြသ ပေးခဲ့ခြင်း ဖြစ်ပါသည်။
ငလျင်ဒဏ်သင့် အိမ်ရာနေ – အသက် (၁၈) နှစ်မှ (၅၀) နှစ်အတွင်းရှိ ကျား/မ မရွေး၊ လူမျိုးဘာသာမရွေး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အမှန်တကယ် ဝင်ရောက်မည့် သင်တန်းသား/ သူ (၆၀) ဦး အတွက် “အသက်မွေးဝမ်းကျောင်း ပညာအခြေခံ” တတ်မြောက် ရရှိပြီး ဝင်ငွေတိုးတက်ကာ မိသားစုဘဝ မြင့်မားလာရေး ရည်ရွယ် ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း ဂုဏ်ယူစွာ မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

















