မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၏ မိုးရာသီသစ်ပင်စိုက်ပွဲ

Home / News / မြန်မာစီးပွားစီမံအမှုဆောင်များအသင်း၏ မိုးရာသီသစ်ပင်စိုက်ပွဲ
မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (MBE) ၏ Responsible Business Development Committee မှ ဦးဆောင်စီစဉ် ကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအား ၂၀၂၀ ခုနှစ် ၊ ဇူလိုင်လ ( ၂၆) ရက်နေ့ (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)၊ ပတ္တမြားဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
 
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်ရှောက်ရေး အလို့ဌာ အထောက်အကူ ဖြစ်‌‌စေရန် နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းတော်ကြီး ပိုမိုစိမ်းစိုသာယာလှပလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်သော ၎င်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ဆရာမကြီး ဒေါက်တာဒေါ်နုနုလွင် (ပါမောက္ခ/ဌာနမှူး၊ စီမံခန့်ခွဲမှုပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်) မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အသင်းဥက္ကဋ္ဌ ဒေါ်လင်းလင်းတင်ထွန်းမှ ပွဲဖြစ်မြောက်ရေး ခွင့်ပြုချက်ပေးပါသော ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် နှင့်တကွ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ၊ အသင်းအမှုဆောင်များ၊ အသင်းဝင်များနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသူများအား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။
 
ထို့နောက် ပွဲတက်ရောက်လာကြသည့် ပါမောက္ခ(ဌာနမှူး) ဆရာမကြီး ဒေါက်တာဒေါ်နုနုလွင် ဦးဆောင်သော စီမံခန့်ခွဲမှုပညာဌာနမှ ဆရာ/ဆရာမများ၊ မြန်မာစီးပွားစီမံအမှုဆောင်များအသင်း အသင်းဝင်များမှ “ကံ့ကော်၊ စကားဖြူ၊ စိန်ပန်းပြာ၊ သပြေဘူတ၊ ငုဝါ၊ အင်ကြင်း” စသည့် အပင်‌ပေါင်း (၃၀) ခန့်အား ပတ္တမြားဆောင် ကျောင်းဝင်းအတွင်း သတ်မှတ်နေရာအသီးသီး၌ တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။